ရွေးကောက်ခံလျော့သွားမယ့် လွှတ်တော်ထဲက သမ္မတရွေးပွဲ

ရွေးကောက်ခံလျော့ပေမယ့် တပ်ကတော့ ပြည်ထောင်စုလွှတ်တော်မှာ ၁၆၆ ဦးပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ,

ရွေးကောက်ခံလျော့ပေမယ့် တပ်ကတော့ ပြည်ထောင်စုလွှတ်တော်မှာ ၁၆၆ ဦးပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်နဲ့ ပဲခူးတိုင်းက ဒေသတချို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွေကို ဖျက်သိမ်းထားပါတယ်။

အဲဒီလို ဖျက်သိမ်းလိုက်တဲ့ မဲဆန္ဒနယ်တွေဟာ ရခိုင်နဲ့ရှမ်းက အများဆုံးဖြစ်ပြီး မြို့နယ်လုံးကျွတ် ရွေးကောက် ပွဲ မကျင်းပနိုင်တဲ့မြို့နယ်က ၁၅ မြို့နယ်ထိ ရှိလာခဲ့ပါတယ်။ ဒါကြောင့် သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ် တင်မြှောက်ရမယ့် ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော်အမတ် ၂၂ ဦး လျော့နည်းသွားမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေရေ သမ္မတ ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံ အနိုင်ရတဲ့ အင်အားစုက ရွေးကောက် တင်မြှောက်နိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ခံအမတ် သုံးပုံနှစ်ပုံဟာ လက်ရှိလွှတ်တော်အရ ၃၃၃ ဦးဖြစ်ပါတယ်။ လျော့သွားမယ့် ၂၂ ဦးကိုဖယ်လိုက်ရင် ၃၁၁ ဦးသာ ရှိတော့မှာဖြစ်ပြီး ဒီပမာဏကိုသာ ပါတီကြီးတစ်ခုခုက အပြတ်အသတ် ထပ်နိုင်ဦး မယ်ဆိုရင်တော့ အနိုင်ရသူတွေအစုအဖွဲ့က တင်မြှောက်တဲ့သူ သမ္မတဖြစ်လာဖို့ အခြေအနေက အများကြီး မပြောင်းလဲနိုင်ဘူးလို့ ယူဆချက်တွေရှိနေတာပါ။

ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းနဲ့ ဒုသမ္မတတစ်ယောက် အလိုအလျောက်ရထားတဲ့ တပ်မတော်အစုအဖွဲ့ရှိ‌နေပါသေးတယ်။

ဒါကြောင့် ရွေးကောက်ခံအားလုံးရဲ့ သုံးပုံနှစ်ပုံနေရာကိုသာ ပါတီကြီးတစ်ခုခုက အပြတ်အသတ် ထပ်မနိုင်ရင်တော့ တပ်မတော်သား၂၅ ရာခိုင်နှုန်းရဲ့မဲက အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။

ရွေးကောက်ခံလျော့ပေမယ့် တပ်ကိုယ်စားလှယ်က မလျော့

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားချက်အရ အမျိုးသားလွှတ်တော်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦးထက်မပိုသော ဆိုပြီး ပြဌာန်းထားတာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အရအတွက်ဟာ ၁၆၆ ဦးနဲ့ ယခင်အတိုင်း ဆက်ရှိမယ်လို့ သီပေါအမတ်ဟောင်း ဝါရင့်နိုင်ငံရေးသမား ဦးရဲထွန်းက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်ပါတယ်။

"တကယ်တမ်း အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီဆိုရင် သမ္မတ ဖြစ်ဖို့ က ၃၃၃ မဲ အမာခံမဲရှိမှ သူကဖြစ်မှာ။ ဆိုတော့ အခုဟာက ၂၂ ယောက်လျော့သွားတော့ ၃၁၁ မဲရသူက သမ္မတ ဖြစ်လာမယ်။ အခု ၂၂ နေရာကို ဖျက်လိုက်တော့ NLD က အလိုလိုနေရင်း ၁၁ နေရာကို အနိုင်ရသွားတဲ့သဘောပေါ့။ ၃၁၁ ဦး နိုင်ရုံနဲ့ သမ္မတ တင်နိုင်မှာကိုး။ ထို့နည်းလည်းကောင်းပဲ ပြိုင်ဘက်ပါတီ USDP ကလည်း အင်အားမတိမ်းမယိမ်းရမယ်ဆိုရင် တခြားပါတီတွေကို စည်းရုံးဖို့ဖြစ်လာမယ်ဆိုရင် သူကလည်း ၁၁ နေရာလောက် လျော့သွားတာပေါ့။ ဒီတော့ တိုင်းရင်းသားပါတီတွေနစ်နာတဲ့ ၂၂ နေရာကို အာဏာရပါတီနဲ့ အတိုက်အခံပါတီတို့က အကျိုးအမြတ် ခွဲပြီးတော့ ရသွားတဲ့သဘောဖြစ်တာပေါ့"လို့ ဦးရဲထွန်းက တွက်ချက်ပြပါတယ်။

ဒါကြောင့် ဖြစ်လာနိုင်တဲ့အလားအလာကို တွက်ဆကြည့်ရင် တကယ်လို့ NLD က ၃၂၂ နေရာကို နိုင်ရင်တော့ သမ္မတ အေးအေးဆေးဆေး တင်မြှောက်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

"တကယ်လို့ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ သူက တခြားပါတီတွေကိုစည်းရုံးရမှာပေါ့။ ဥပမာ ၃၀၀ လောက်ပဲနိုင်တယ်။ ၁၁ မဲလောက်လိုနေပြီဆိုရင် တခြားပါတီတွေကို သူအပေးအယူလုပ်ရတော့မယ်။ အစိုးရဖွဲ့ရင် ဝန်ကြီးနေရာပေးမလား။ စသဖြင့်ပေါ့။ ထိုနည်းလည်းကောင်းပဲ။ USDP ကလည်း တပ်နဲ့ပေါင်းပြီး အဲဒီလိုလုပ်လာနိုင်တယ်။ အဲဒီတော့ အစည်းရုံးခံရတဲ့ ပါတီတွေက ငါတို့ ဘယ်သူ့မှမယုံဘူး။ NLD လည်းမယုံဘူး။ USDP လည်းမယုံဘူးဆိုရင်တော့ လွှတ်တော်ထဲ မဲခွဲတဲ့နေ့ကျမှပဲ အမျိုးသား၊ ပြည်သူနဲ့ တပ်က ရွေးထားတဲ့ သမ္မတလောင်းတွေကို မဲထည့်တဲ့အခါမှာ မဲအများဆုံးရတဲ့သူက သမ္မတ ဖြစ်သွားမှာပေါ့" လို့ ဦးရဲထွန်းက တွက်ချက်ပြပါတယ်။

သမ္မတရွေးချယ်တင်မြှောက်မှုလို အရေးကြီးဖြစ်စဉ်မှာ ခု ပယ်ဖျက်ခံရတဲ့ဒေသက ကိုယ်စားပြုအမတ်တွေ မပါနိုင်တဲ့အတွက် ဒါဟာ ပြည်သူ့အသံအစစ်အမှန်မဟုတ်ဘူးလို့လည်း ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင်ပြိုင်မယ့် ဒေါ်ထုမေက ပြောပါတယ်။

"အများစုမဲနဲ့ ရွေးချယ်တဲ့သမ္မတနေရာကို ကိုယ်စားပြုခွင်မရှိခဲ့တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ နေရာက ကိုယ်စားလှယ်တွေရဲ့Voting မပါဘူး။ ဒါကြောင့်မို့ သမ္မတကို ဒီနေရာတွေကမရွေးချယ်လိုက်ရဘူး။ တကယ်လို့သာ ကြားဖြတ်ရွေးကောက်ပွဲရှိလို့ တက်လာတဲ့ ကိုယ်စားလှယ်တွေဟာလည်း သမ္မတကို ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်တွေမဟုတ်ဘူး။ ဒီပေါ်မှာ အကျိုးသက်ရောက်မှုတော့ရှိမယ်။ ရွေးကောက်ပွဲမရှိတဲ့နေရာက တိုင်းရင်းသားတွေရဲ့အသံကတော့ ရှိရင်တောင်မှ မထွက်ခဲ့ကြပါဘူး။ ထွက်လို့လည်းမရအောင် ကျွန်မတို့ကိုခွင့်မပြုခဲ့ပါဘူး။ ဥပမာ ရခိုင်ပြည်နယ်မှာ မြောက်ဦးကို စစ်မဲ့ဇုန်လုပ်ဖို့အရေး အဆိုတင်တယ်။ ပယ်ချတယ်။ ကျွန်မတို့ ရခိုင်ပြည်နယ် မှာနေပြီးတော့ ဒီလောက် ICJ ကိုရင်ဆိုင်နေရချိန်မှာ၊ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်ဖို့ပြင်ဆင်တယ်။ ကျွန်မတို့အရေးကြီးအဆိုတင်တယ်၊ ကျွန်မတို့ကိုပယ်ချတယ်" လို့ ဒေါ်ထုမေက ပြောပါတယ်။

ဒါကြောင့် အနိုင်ရပါတီတွေရဲ့ တိုင်းရင်းသားတွေလူမျိုးစုတွေပေါ်မှာထားတဲ့ နိုင်ငံရေးစိတ်စေတနာ မရှိဘူး သို့မဟုတ် အားနည်းတယ်ဆိုရင် ဘယ်လောက်ပဲ ကိုယ်စားပြုပြီး တက်လာပါစေ။ ဒီအသံတွေကို ကြားရမှာမဟုတ်ဘူးလို့ ဒေါ်ထုမေက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာ ဘာတွေဖြစ်လာမလဲ

ဓာတ်ပုံ ပုံစာ,

စစ်ရေးနဲ့နိုင်ငံရေးရှုပ်ထွေးနေတဲ့ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ်ထက်ဝက်ကျော်ကို ရွေးကောက်ပွဲမလုပ်ဖို့ ကော်မရှင်က ဆုံးဖြတ်ထားပါတယ်။

သမ္မတ လောင်း ရွေးပွဲမှာ တစ်ပါတီတည်းကသာ အပြတ်အသတ်မနိုင်ခဲ့ဘူးဆိုမှ အထက်ပါအခြေအနေတွေကိုကြုံရမှာဖြစ်ပါတယ်။ တကယ်လို့ အရင်ရွေးကောက်ပွဲနှစ်ဆက်တုန်းကလိုပဲ ပါတီကြီးတစ်ခုခုကသာ ပြည်ထောင်စုလွှတ်တော်ရဲ့ နေရာအများစုကို ဆက်နိုင်ဦးမယ်ဆိုရင် ဒါက အများကြီးအပြောင်းအလဲမဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

သူက ပြည်ထောင်စုလွှတ်တော်ထက် ပိုပြီးစိတ်ဝင်စားစရာကောင်းပြီးထူးခြားတဲ့ အခင်းအကျင်းပေါ်ပေါက်လာမှာက ရခိုင်ပြည်နယ်လွှတ်တော် လို့ ဆိုပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေပြီး ဒေသခံတိုင်းရင်းသားပါတီတွေအစဉ်အဆက်အားကောင်းခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ် ထက်ဝက်ကျော်လောက် ပယ်ဖျက်ခံရတဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော်ဟာ လည်း ထူးထူးခြားခြား ပြောင်းလဲ သွားမယ့်အခြေအနေဖြစ်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

"ရခိုင်ပြည်နယ်လွှတ်တော်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်က ၃၅ ဦးရှိတယ်။ လက်ရှိ ကော်မရှင်က ဖျက်လိုက်တဲ့နေရာတွေကြောင့် လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး လျော့သွားမှာဖြစ်တယ်။ ဒါကြောင့် ပြည်နယ်လွှတ်တော်မှာ ရွေးကောက်ခံအမတ်က ၁၅ ဦး ပဲရှိမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာကျတော့ ပြည်ထောင်စုလို တပ်ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်းအပြည့် မဟုတ်ဘူး။ ရွေးကောက်ခံအမတ်တွေရဲ့ ၃ ပုံတစ်ပုံကို ကို အမည်စာရင်းတင်သွင်းရတာဖြစ်တော့ ရခိုင်မှာ ရွေးကောက်ခံ ၁၅ ဦးဆို တပ်က ၅ ဦးရှိလာမယ်။ ဒီအရေအတွက်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်လုပ်ငန်းတွေကို စရဖို့ရှိမယ်"လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ဒါကြောင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နေရာကိုရွေးချယ်တင်မြှောက်ရာမှာ ကိုယ်စားလှယ် ၂၀ ဦးရဲ့ထက်ဝက်ကျော်ဖြစ်တဲ့ ၁၁ ဦးထောက်ခံမဲ မဖြစ်မနေရဖို့လိုအပ်နေတာကိုတွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်တွေကိုလေ့လာကြည့်တဲ့အခါမှာ ပြည်နယ်လွှတ်တော်မှာ NLD ရော ရခိုင်တိုင်းရင်းသားပါတီတွေပါ အမတ်အရေအတွက် ၁၁ ဦး မပြည့်တာကို သွားတွေ့ရတယ်လို့ ဆိုပါတယ်။

" ဒါကြောင့် ဘယ်ဟာကအရေးကြီးလာလဲဆိုတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ထောက်ခံတဲ့ သူဟာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်နိုင်မယ့်အနေအထားမျိုး သွားတွေ့ရမှာ ဖြစ်တယ်" လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ဒေါက်တာရန်မျိုးသိမ်းလိုပဲ ဒီအခြေအနေကို တွက်ချက်ပြီးစိတ်ပူနေသူက ပေါက်တောအမတ် ဦးအောင်ကျော် ထွီးပါ။ တပ်ကိုယ်စားလှယ်တွေ ရခိုင်ပြည်နယ်လွှတ်တော်တွင်း အားကောင်းလာပြီး အဆုံးအဖြတ်ပေးနိုင် တဲ့မဲတွေဖြစ်လာနိုင်တာကြောင့် တပ်ရဲ့အခန်းကဏ္ဍက ပိုမြင့်သွားနိုင်တာမို့ ဒီမိုကရေစီအင်အားစုတွေ အချင်းချင်းညီညွတ်ဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။

"အဲဒီလိုမှမဟုတ်ဘဲ ဒီမိုကရေစီအင်အားစုတွေကြား အချင်းချင်း အကွဲကွဲအပြဲပြဲဖြစ်နေမယ်ဆိုရင် ကြိုးဆွဲရာကရမယ့်လွှတ်တော်ဥက္ကဋ္ဌတို့ ဝန်ကြီးချုပ်တို့က ထပ်ပြီးပေါ်လာမှာပေါ့ဗျာ" လို့ ရခိုင်အမျိုးသားပါတီက ပေါက်တောအမတ်ဖြစ်တဲ့ ဦးအောင်ကျော်ထွီးက မှတ်ချက်ပြုပါတယ်။

အခု ရွေးကောက်ပွဲမလုပ်ဖို့ ပယ်ဖျက်လိုက်တဲ့မဲဆန္ဒနယ်တွေမှာ မဲပေးခွင့်ဆုံးရှုံးသွားသူက ၁၃ သိန်းကျော် ရှိနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဒီဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ကျယ်လောင် လာတဲ့နောက် အခုတော့ ပယ်ဖျက်လိုက်တဲ့ဒေသတွေမှာ ဘေးကင်းလုံခြုံရင် နိုဝင်ဘာ ၈ ရက်အမီ ရွေးကောက် ပွဲ ပြန်ကျင်းပပေးမယ်လို့ ကော်မရှင်ဘက်က ပြောကြားလာပါတယ်။

ဒါကြောင့် ဒီကြားထဲမှာ ကော်မရှင်ဆုံးဖြတ်ချက်အပြောင်းအလဲ ရှိမရှိ စောင့်ကြည့်ရဖို့ရှိနေပါတယ်။

ဗီဒီယို ပုံစာ,

လူငယ်တွေ အရေးပါလာမယ့် အမေရိကန်ရွေးကောက်ပွဲ