ကိုဗစ် ကြောင့်ပိတ်ထားတဲ့ မြန်မာ ထိုင်းနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်

ထိုင်းကားသမားတွေ ပစ္စည်းတင်ပေးနေစဥ်
ဓာတ်ပုံ ပုံစာ,

ထိုင်းကားသမားတွေ ပစ္စည်းတင်ပေးနေစဥ်

ကိုဗစ်- ၁၉ ရောဂါဟာ မဲဆောက်နဲ့ မြဝတီနယ်စပ်မှာ ကူးစက်ဖြစ်ပွားနေတာကြောင့်၊ခုနှစ်ရက်ခန့် ပိတ်ထားခဲ့ရတဲ့၊ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးကို အောက်တိုဘာလ ၂၆ ရက်နေ့က ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

ယာယီပိတ်ထားခဲ့တဲ့ မဲဆောက်-မြဝတီနယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်တော့မယ်ဆိုလို့၊ထိုင်းနိုင်ငံက စားသောက်ကုန်မျိုးစုံ တင်ထားတဲ့ ကုန်ကားအငယ်စားတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်အစောကြီးကတည်းက မဲဆောက်ဘက်အခြမ်း ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် ၂ အဝင်လမ်းပေါ်မှာ တန်းစီပြီး စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။

မနက် ၉ နာရီခွဲလောက်မှာ ထိုင်းဘက်က ကားတွေကို မြန်မာကားတွေဆီ ကုန်စည်တွေလွှဲပေးမယ့် နေရာကိုသွားဖို့ ထိုင်းကုန်ကားမောင်းသမားတွေဟာ ကိုဗစ် ၁၉ ရောဂါရှိ၊မရှိ အစစ်ခံရပါတယ်။ ထိုင်းဘက်က အစစ်ခံပြီးတဲ့ ကားမောင်းသမားတွေကို အစိမ်းနုရောင်အကျီတစ်ထည်စီဝတ်စေပြီး၊မြန်မာကားတွေနဲ့ ကုန်စည်ဖလှယ်မယ့်နေရာကိုသွားရပါတယ်။

ကိုဗစ် ရှိမရှိ အစစ်ခံပြီး မြန်မာကားမောင်းသမားတွေကလည်း ဆုံချက်နေရာကို သွားပြီး၊ထိုင်းကားတွေဆီက ကုန်တွေကို လှမ်းယူပြီးနောက် ကျသင့်ငွေပေးချေပြီး၊ကားသမားတွေဟာ၊ကုန်ပစ္စည်း နှစ်ဖက်လွှဲပေးခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် ၂ အဝင်လမ်းပေါ်မှာ တန်းစီပြီးစောင့်နေတဲ့ ကုန်ကားများ

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာဘက်က ဝင်လာတဲ့ ကားသမားတွေဆီကနေ တစ်ဆင့် မဲဆောက်မှာ မိသားစု ၅ ဦး ကိုဗစ်ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက်မှာ ထိုင်းဘက်က နှစ်နိုင်ငံ ကုန်သွယ်ရေးကို အခုလိုပိတ်လိုက်တာ ဖြစ်တယ်လို့ မဲဆောက်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီနောက် မဲဆောက်မြို့က လူတစ်သောင်းကျော်ကို ကိုဗစ်- ၁၉ ရောဂါ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ‌ရောဂါပိုး ထပ်မတွေ့ရတော့တဲ့အတွက် နယ်စပ်ဂိတ်ကို အခုလို ပြန်ဖွင့်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒီနေ့ နှစ်နိုင်ငံ နယ်စပ်မှာတွေ့ပြီး ကုန်ပစ္စည်း ဖလှယ်ကြတဲ့ နေရာကတော့ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းက ( BCF Zone ) ချစ်ကြည်ရေးကားဝင်းမှာ ဖြစ်ပြီးတော့ နှစ်နိုင်ငံ အကောက်ခွန်၊ လူဝင်မှုနဲ့ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေပါ အဲ့ဒီနေရာ မှာ ရောက်ရှိနေကြတယ်လို့ မြန်မာဘက်က ကုန်သည်တစ်ဦးက ပြောပါတယ်။

ဒီနေ့ နှစ်နိုင်ငံနယ်စပ်မှာ အဓိက ကုန်သွယ်ကြတဲ့ကုန်တွေအနက် မြန်မာဘက်ကို တင်ပို့တဲ့ကုန်တွေက၊သခွားသီး၊သံပုရာသီး၊မုန်လာဥ၊ကျောက်ဖရုံသီးစတဲ့ ဟင်းသီးဟင်းရွက်တွေ၊ထိုင်းမွေးမြူရေးငါးတွေ၊ပုဇွန်တွေ၊မုန့်မျိုးစုံ၊အချိုရည်မျိုးစုံတွေအပြင်၊လူသုံးကုန်၊အိမ်သုံးကုန် စတဲ့ကုန်တွေကို တွေ့ရပါတယ်။

ဓာတ်ပုံ ပုံစာ,

ထိုင်းဘက် က အသီးအနှံနဲ့ သားငါးတွေမြန်မာဘက် ကိုတင်ပို့

ထိုင်းစားသောက်ကုန်တွေကို မြန်မာဘက်ကို လွှဲပေးပြီးသွားတဲ့၊ထိုင်းကုန်သည်အမျိုးသမီး ကျမ်ဏီယမ်က "ရောင်းရတာ ဒုက္ခတော့ရောက်တယ်၊ဒါပေမဲ့ ကိုယ့်ကျန်းမာရေးအတွက် စိတ်ချရတယ်။ကိုယ့်တစ်ဦးကောင်းကိုမကြည့်ဘဲ၊အများအကျိုးအတွက်ကြည့်ရမယ် "လို့ပြောသွားပါတယ်။

ကုန်ပစ္စည်းတွေလက်ခံပြီးနောက်၊မြန်မာကားမောင်းသမားတစ်ယောက်က၊အခုလို ဖွင့်ပေးလိုက်တဲ့အတွက် အများကြီးကောင်းတယ်၊အဆင်ပြေမှုတော့မရှိဘူး။ကားသမားတစ်ယောက်ထဲ လာရတော့၊ဟိုဘက်က တွန်းပို့လိုက်တဲ့ ကုန်တွေကိုလည်း ကိုယ်ပဲလှမ်းယူပြီး၊ကိုယ်ပဲစီရတော့ အခက်အခဲဖြစ်တယ်၊ရေရှည်တော့ လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

တချို့ကတော့၊အကျင့်မရှိသေးလို့ပါ၊ နောက်ကြာလာရင် အဆင်ပြေသွားမယ်လို့ပြောသူတွေ လည်းရှိပါတယ်။

မြန်မာကုန်သည် အတော်များများကတော့ သူတို့ဝယ်နေကြဆိုင်တွေကို သူတို့လိုတာတွေကို ကြိုတင်မှာပြီးမှ ထိုင်းဘက်ကိုလာကြတော့၊ သူတို့လိုတာတွေ အစုံရသွားတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံက ကုမ္ပဏီတွေကို မြန်မာကုမ္ပဏီတွေက ကြိုတင်ပြီးမှာထားတဲ့၊ကုန်တွေတင်ထားတဲ့ ကွန်တိန်နာ ကုန်သေတ္တာတွေနဲ့ ဆယ်ဘီးကားတွေကတော့ မြန်မာဘက်အခြမ်းက ( BCF Zone )ကိုတိုက်ရိုက်သွားပို့ခွင့်ရခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဘန်ကောက်ကလာတဲ့ ကွန်တိန်နာကား အစီး ၁၀၀ ကျော်ဝင်ခွင့်ရ သွား

အောက်တိုဘာ ၂၆ ရက်နေ့ ကိုဗစ်-၁၉ ရှိမရှိ အစစ်ခံထားတဲ့ ထိုင်းနဲ့မြန်မာ နှစ်ဘက် ကားသမားတွေရဲ့ ဆေးစစ်ချက်အဖြေထွက်လာတဲ့ အပေါ်မူတည်ပြီးမဲဆောက်-မြဝတီ ၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ဆက်ဖွင့်မယ် မဖွင့်ဘူးဆိုတာကို ဆုံးဖြတ်ဖို့ရှိနေတယ်လို့ နှစ်နိုင်ငံကုန်သည်တွေ က‌ပြောပါတယ်။

မြန်မာ ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး (ဘန်ကေက်က တိုက်ရိုက်တင်သွင်းတာမပါ)ကုန်သွယ်မှုဟာ အရင်က တစ်ရက်ကို ဘတ်သန်း ၂၀၀ (ဒေါ်လာ ၆ သန်းခန့်)ရှိခဲ့တယ်လို့ ထိုင်းကုန်သည်တွေက ပြောပါတယ်။

မြန်မာဘက်က ဒီနေ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြန်စတဲ့နေမှ ထိုင်းဘက်ကို တင်ပို့တာထက် ထိုင်းဘက်က ပစ္စည်းတွေကို တင်သွင်းတာများကြောင်းနဲ့ အရင်ကတော့ မြန်မာဘက်က ထိုင်းဘက်ကို တင်ပို့တာတွေရှိခဲ့တယ်လို့လည်း မဲဆောက် ဒေသခံတစ်ဦးက ပြောပါတယ်။

ထိုင်းဘက်ကို အရင်က မြန်မာဘက်က တင်ပို့တဲ့ကုန်တွေကတော့ ပဲမျိုးစုံ ၊ငရုတ်၊ကြက်သွန်နီ၊ ပြောင်းဆန်၊ပေါ်ဆန်းမွှေး၊ပေါ်ကျွှဲ၊ ဇီယာရှယ် ဆန်တွေ ၊အာလူး၊ ပဲတီစိမ်း၊ကျွဲ၊ နွား ၊သိုး၊ဆိတ် ဓာတ်သတ္တု ကုန်ကြမ်းစတာတွေကို တင်ပို့လေ့ရှိတယ်လို့ နယ်စပ်ကုန်သည်တွေဆီကနေ တစ်ဆင့် သိရပါတယ်။